International News

စင်ကာပူနိုင်ငံ၏ ၂၀၂၀ဘဏ္ဍာရေးနှစ် ဘတ်ဂျက်ရှင်းတမ်းတွင် COVID - 19 ရောဂါပိုး ဖြစ်ပွားမှု ကြောင့် စီးပွားရေးအပေါ်ထိခိုက်မှုများကို ကုစားပေးမည့်အစီအမံများပါဝင်၊ ဘတ်ဂျက်လိုငွေ ၁၀.၉ ဘီလီယံ ပေါ်ပေါက်နိုင်

Last Updated:

စင်ကာပူနိုင်ငံ၏ ၂၀၂၀ ဘဏ္ဍာရေးနှစ် ဘတ်ဂျက် (အရအသုံးခန့်မှန်းခြေငွေစာရင်း) ရှင်းတမ်းကို ဒုတိယဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီးဖြစ်သူ Mr Heng Swee Keat က ပါလီမန်တွင် ၁၈ - ၂ - ၂၀၂၀ ရက်နေ့၌ တင်ပြဆွေးနွေးရာတွင် လက်ရှိဖြစ်ပွားနေသော COVID - 19 ရောဂါပိုးကြောင့် စင်ကာပူ၏ စီးပွားရေး ထိခိုက်နေမှုများအပေါ် ကုစားပေးနိုင်မည့် အစီအမံများအား ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

ရောဂါပိုးပြန့်ပွားမှုကြောင့် လတ်တလောရင်ဆိုင်နေရသောစိန်ခေါ်မှုများကို ကျော်လွှား နိုင်ရန်အတွက် တိုက်ရိုက်သက်ရောက်မှုရှိသော စီးပွားရေးလုပ်ငန်းကဏ္ဍများ သာမက လုပ်ငန်းကဏ္ဍ အသီးသီးရှိ လုပ်ငန်းများနှင့် လုပ်သားများကို အထောက်အကူပြုနိုင်ရန် စင်ကာပူဒေါ်လာ ၄ ဘီလီယံ ကိုလည်းကောင်း၊ ဤကာလအတွင်း မိသားစုများ၏ နေထိုင်မှုစရိတ်အပေါ် အထောက်အပံ့ပြုပေးနိုင် ရန်အတွက် စင်ကာပူဒေါ်လာ ၁.၆ ဘီလီယံကိုလည်းကောင်း၊ COVID - 19 ရောဂါပိုးဖြစ်ပွားမှုကို အဓိကရှေ့တန်းမှ တားဆီးကာကွယ်ပေးနေကြသော အစိုးရဌာနများအတွက် စင်ကာပူဒေါ်လာ ၈၀၀ သန်းကိုလည်းကောင်း ရန်ပုံငွေခွဲဝေချထားမည့် အစီအမံများကို တင်ပြခဲ့ပါသည်။

ထို့ပြင် ၂၀၂၀ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ (၃) နှစ်တာကာလအတွင်း စီးပွားရေးလုပ်ငန်းများ အသွင်ကူးပြောင်းဖွံ့ဖြိုးတိုးတက်လာရေးအတွက် အထောက်အပံ့ပြုပေး မည့်အစီအမံအတွက် စင်ကာပူဒေါ်လာ ၈.၃ ဘီလီယံကို ခွဲဝေထားရှိပြီး၊ ရာသီဥတုပြောင်းလဲလာမှုများအပေါ် တိုက်ဖျက် နိုင်ရေးအတွက် စင်ကာပူဒေါ်လာ ၅ ဘီလီယံကို ၂၀၂၀ ဘတ်ဂျက်တွင် လျာထားကြောင်း ဖော်ပြထားပါသည်။

အစိုးရသည် ကုန်စည်နှင့်ဝန်ဆောင်မှုအခွန်ကို လက်ရှိ ၇ ရာခိုင်နှုန်းကောက်ခံနေရာမှ ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း ၉ ရာခိုင်နှုန်းသို့ တိုးမြှင့်ကောက်ခံသွားမည့် အစီအစဉ်ကို ၂၀၁၈ ခုနှစ်တွင် အသိပေးကြေညာခဲ့သော်လည်း၊ လက်ရှိစီးပွားရေးအခြေအနေအရ လာမည့် ၂၀၂၁ ခုနှစ်တွင် ကုန်စည်နှင့်ဝန်ဆောင်မှုအခွန်ကို တိုးမြှင့် ကောက်ခံမှုမပြုဘဲ လက်ရှိ ၇ ရာခိုင်နှုန်းအတိုင်းသာ ဆက်လက်ကောက်ခံသွားမည်ဖြစ်ကြောင်း၊ သို့သော် ကုန်စည်နှင့်ဝန်ဆောင်မှုအခွန်ကို တိုးမြှင့် ကောက်ခံရန် သင့်တော်သည့်အချိန်ကို စဉ်းစားဆုံးဖြတ်သွားမည်ဖြစ်ပြီး၊ တိုးမြှင့်ကောက်ခံသည့် အချိန်တွင် စင်ကာပူနိုင်ငံသားများအတွက် ပြန်လည်ထောက်ပံ့ပေးနိုင်ရန် စင်ကာပူဒေါ်လာ ၆ ဘီလီယံကိုလည်း ၂၀၂၀ ခုနှစ် ဘတ်ဂျတ်တွင် ထည့်သွင်းလျာထားကြောင်း၊  ယခုကဲ့သို့ အစီအမံများအတွက် ဘတ်ဂျက်တိုးချဲ့ လျာထားရခြင်း တို့ကြောင့် ဘတ်ဂျက်လိုငွေ စင်ကာပူဒေါ်လာ ၁၀.၉ ဘီလီယံခန့် ပေါ်ပေါက်နိုင်ကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ စင်ကာပူနိုင်ငံ)

သတင်းရင်းမြစ် ။    ။ Singapore Budget

Category: International News